- ဆွလာသ်၌ အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် “ဝါဂျိဗ်”တာဝန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမိန့်ပေးထားခြင်းသည် အခြေခံအားဖြင့် တာဝန်ရှိကြောင်း ညွှန်ပြနေသည်။
- စဂ်ျဒဟ်ဦးချရာတွင် နဖူးကိုသာထိပြီး နှာခေါင်းမထိလျှင် အထမမြောက်ပေ။ထို့အတူ နှာခေါင်းကိုသာထိပြီး နဖူးကိုမထိလျှင်လည်း အထမမြောက်ပေ။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နဖူးပေါ်တွင် ဦးချရန်မိန့်ကြားသည့်အခါ နှာခေါင်းကိုပါ ညွှန်ပြတော်မူခဲ့သည်။
- သတ်မှတ်ထားသည့် အရိုးအဆစ်အားလုံးပေါ်တွင် စဂ်ျဒဟ်ဦးချရန် တာဝန်ရှိသည်။ အချို့အစိတ်အပိုင်းပေါ်တွင်သာ ဦးချခြင်း မလုံလောက်ပေ။၎င်းတို့အနက် နဖူးကို တတ်နိုင်သမျှ မြေကြီးနှင့်ထိကပ်ထားရမည်။
- ဟဒီးဆ်တော်အရ ပေါ်လွင်ထင်ရှားသည့် အချက်တစ်ခုမှာ ဦးချသည့် အစိတ်အပိုင်းများကို ဖော်ထားရန် တာဝန်မရှိပေ။ ၎င်းအစိတ်အပိုင်းများပေါ်တွင် ဦးချခြင်းဟူသည် ထိုအစိတ်အပိုင်းများကို မဖော်ဘဲ မြေပေါ်တွင်ချထားခြင်းကိုသာ ဆိုလိုသည်။ ထို့ပြင် ဒူးနှစ်ဖက်အား ဖော်ထားခြင်းဖြင့် ဖုံးအုပ်ရမည့် (ဖရ်ဿ်ွ) အစိတ်အပိုင်းများ ပေါ်သွားမည်ကို စိုးရိမ်ရသည့်အတွက် ဒူးနှစ်ဖက်အား ဖော်ထားခြင်း “ဝါဂျိဗ်” မဟုတ်ကြောင်း အကွဲအလွဲမရှိပေ။ ထို့အတူ ခြေစွပ်ဝတ်၍ ဆွလာသ်ဆောက်တည်ပိုင်ခွင့် ရှိသဖြင့် ခြေနှစ်ဖက်အား ဖော်ထားရန် “ဝါဂျိဗ်” မဟုတ်ပေ။
- ဆွလာသ်အတွင်း၌ အဝတ်စများကို စုစည်းကိုင်ထားခြင်း ‘မက္ကရူဟ်’မနှစ်မြို့ဖွယ်ရာဖြစ်သည်။
- ဆွလာသ်၌ ဆံပင်ကိုချည်ကာ နောက်စေ့တွင် ထုံးထားခြင်းသည် (အမျိုးသားများအတွက်) “မက္ကရူဟ်” ဖြစ်သည်။ ထိုသို့ဆံပင်ထုံးခြင်းသည် ဆွလာသ်အတွက် ရည်ရွယ်၍ ပြုလုပ်သည်ဖြစ်စေ၊ ဆွလာသ် မတိုင်မီကပင် ပြုလုပ်ထားသည်ဖြစ်စေ၊ အခြားကိစ္စတစ်ခုခုကြောင့် ပြုလုပ်သည်ဖြစ်စေ မဖြစ်မနေ လိုအပ်ချက်ကြောင့် မဟုတ်ပါက ထိုအခြေအနေမျိုးဖြင့် ဆွလာသ်ဆောက်တည်ခြင်း “မက္ကရူဟ်” ဖြစ်သည်။