- ကုရ်အာန်ကျမ်းမြတ်ရှိ အာယသ်တော်များအနက် မုဟ်ကမ်ဟူသည် အဓိပ္ပါယ် ရှင်းလင်းပေါ်လွင်သော အာယသ်တော်များကို ခေါ်ဆိုပြီး၊ မုသရှာဗိဟ်ဟူသည် အဓိပ္ပါယ်တစ်ခုထက်ပို၍ ဖြစ်နိုင်ချေရှိပြီး စဉ်းစားဆင်ခြင်ရန်နှင့် နားလည်နိုင်စွမ်းရှိရန် လိုအပ်သော အာယသ်တော်များကို ခေါ်ဆိုသည်။
- စိတ်နှလုံးသား သွေဖည်ယိမ်းယိုင်သူများ၊ တရားသစ်တီထွင်သူများ၊ လူတို့အားလမ်းလွဲစေရန်နှင့် သံသယများဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် ပြဿနာဖန်တီးသူများနှင့် ရောနှောခြင်းမပြုဘဲ ရှောင်ကြဉ်ရန်သတိပေးထားသည်။
- အလ္လာဟ်အရှင်မြတ်က အာယသ်တော်၏အဆုံးတွင် (အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) ဟူ၍မိန့်ကြားထားသည်။ ဤသည် စိတ်နှလုံးသားသွေဖည်ယိမ်းယိုင်သူများကို ရှုံ့ချကာ ပညာရှင်ပါရဂူများကို ချီးမွမ်းထားခြင်းဖြစ်သည်။ အကြင်သူသည် တရားရယူခြင်းမရှိဘဲ မိမိစိတ်အလိုဆန္ဒနောက်လိုက်ပါက ၎င်းသည် ဉာဏ်ပညာရှင်များတွင် မပါဝင်နိုင်ပေ။
- အဓိပ္ပါယ် အမျိူမျိုးထွက်သော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များနောက်ကို လိုက်ခြင်းသည် စိတ်နှလုံးသား သွေဖည်ယိမ်းယိုင်ခြင်း၏ အကြောင်းခံတစ်ရပ်ဖြစ်သည်။
- အဓိပ္ပါယ်နားမလည်နိုင်သော မုသရှာဗိဟဟ် အာယသ်တော်များနှင့် ပတ်သက်၍ အဓိပ္ပါယ်ပေါ်လွင်ထင်ရှားသော မုဟ်ကမ် အာယသ်များဘက်သို့ ပြန်လှည့်ရန်အရေးကြီးသည်။
- အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်၏ အချို့အာယသ်များကို ‘မုဟ်ကမ်’ အဓိပ္ပါယ်ပေါ်လွင်ထင်ရှားသော အာယသ်တော်များအဖြစ်လည်းကောင်း၊ အချို့အာယသ်များကို ‘မုသရှာဗိဟ်’ အဓိပ္ပါယ် အမျိုးမျိုးထွက်သော အာယသ်တော်များအဖြစ်လည်းကောင်း ပြုလုပ်ထားခြင်းမှာ လူတို့အနက် အီမာန်သက်ဝင်ယုံကြည်သူများနှင့် လမ်းလွဲသူများကိုခွဲခြားရန်အလို့ငှာ စမ်းသပ်တော်မူခြင်းဖြစ်သည်။
- ကုရ်အာန်ကျမ်းတော်မြတ်တွင် အဓိပ္ပါယ်အမျိုးမျိုးထွက်သော ဆင်တူယိုးမှား အာယသ်များရှိနေခြင်းသည် အခြားသူများထက် ပညာရှင်များ၏ ထွတ်မြတ်မှုကို ဖော်ထုတ်ပြသခြင်း၊ အသိဉာဏ်၏ မပြည့်စုံမှုကို အသိပေးထားခြင်းဖြစ်ပြီး ထိုအသိဉာဏ်အားဖန်ဆင်းထားသော အလ္လာဟ်အရှင်မြတ်၏အမိန့်ကို နာခံရန်နှင့် အသိဉာဏ်၏ မတတ်စွမ်းနိုင်မှုကို ဝန်ခံရန်အတွက်ဖြစ်သည်။
- ပညာအရာ၌ ကျွမ်းကျင်လိမ္မာခြင်း၏ မွန်မြတ်မှုနှင့် ပညာပေါ်၌ မြဲမြံတည်ကြည်မှု ရှိရန်လိုအပ်ကြောင်း ဖော်ပြထားသည်။
- ကုရ်အာန်ကျမ်းမြတ်၏ အာယာသ်တော် {وَمَا يَعْلَمُ تَأْوِيلَهُۥٓ إِلَّا ٱللَّهُ ۗ وَٱلرَّٰسِخُونَ فِى ٱلْعِلْمِ} တွင် {الله} ဟူသော နေရာ၌ ရပ်နားခြင်းနှင့် ပတ်သက်၍ သဖ်စီးရ်ပညာရှင်များထံတွင် အဆိုနှစ်ခုရှိသည်။ မည်သူမဆို {الله} နေရာ၌ ရပ်နားပါက အာယသ်၏ အဓိပ္ပါယ်မှာ (အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။)ဟူ၍ဖြစ်သည်။ ယင်း၏အလိုသဘောမှာ- အရာတစ်ခု၏ အဖြစ်မှန်ကိုသိခြင်း၊ ယင်း၏အနှစ်သာရကိုသိခြင်းအား ရည်ညွှန်းခြင်းဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်က မိမိ၏အသိပညာ၌သာ သီးသန့်ထားရှိသော အရာများဖြစ်သည့် “ကိယာမသ်” ဆိုက်ရောက်လာမည့်နေ့၊ “ရူဟ်” ဝိညာဉ်ကဲ့သို့ မည်သို့မျှ နားလည်နိုင်စွမ်းမရှိသောကိစ္စများကို ရည်ညွှန်းသည်။ သို့ဖြစ်၍ ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပါရဂူများသည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များအား သက်ဝင်ယုံကြည်ကြပြီး ၎င်းတို့၏အဖြစ်မှန်များကို အလ္လာဟ်အရှင်မြတ်ထံသာ လွှဲအပ်ကြသည်။ထို့ကြောင့် ၎င်းတို့သည် ငြိမ်းချမ်းမှုရယူသူများဖြစ်ကြပြီး ငြိမ်းချမ်းမှုချီးမြှင့်ခံရသူများဖြစ်ကြသည်။ မည်သူမဆို {الله} နေရာ၌ မရပ်နားဘဲ တဆက်တည်းဖတ်ပါက အာယသ်၏ အဓိပ္ပါယ်မှာ (အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကို အလ္လာဟ်အရှင်မြတ်နှင့် ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပါရဂူများ သိရှိကြသည်။)ဟူ၍ဖြစ်သည်။ ဤသို့ဆိုလျှင် ယင်း၏အလိုသဘောမှာ- သဖ်စီးရ် အကျယ်ဖွင့်ဆိုခြင်း၊ အလိုသဘောကို ဖော်ပြရှင်းလင်းခြင်းတို့ကိုရည်ညွှန်းသည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်သည် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်တို့ကို အကြွင်းမဲ့သိရှိတော်မူသည်။ ၎င်းအပြင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပါရဂူများကလည်း ယင်းအာယာသ်တော်များကို သိရှိကြပြီး ထိုအရာများကို သက်ဝင်ယုံကြည်ကာယင်းတို့အား ကုရ်အာန်ကျမ်းလာ မုဟ်ကမာသ် အာယတ်တော်များဘက်သို့ ပြန်လှည့်ကြသည်။